ဟိုပုံး သြဂုတ် ၂၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများနှင့်အတူ သြဂုတ်လ(၂၀)ရက် မွန်းလွဲ(၁)နာရီခွဲက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပေါင်လင်းကျေးရွာအုပ်စု၊ ညောင်ဖြူကျေးရွာရှိ ဒေါ်လှလှမွေးမြူထားသည့် ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
ဦးစွာ ဥစားကြက်မွေးမြူရေးခြံနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြရာ ကြက်အမျိုးအစားမှာ Bovan Brown, Hyline, Isa Brown ဥစားကြက်မျိုးများဖြစ်ပြီး မွေးမြူထားရှိကောင်ရေမှာ ကြက်မ(၁၄၅၉၀)ကောင်၊ ကြက်မတမ်း (၆၂၀၀) ကောင်ဖြစ်ပြီး ကြက်ဥထွက်ရှိမှုမှာ (၁)ရက်လျှင်(၁၁၁၂၈) လုံးဖြစ်ကြောင်း၊ ကြက်စာမှာ ကိုယ်တိုင်စပ်အစာဖြစ်ပြီး ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့နယ်သို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြက်ခြံအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုပုံးမြို့၊ မြို့မရပ်ကွက်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြစိုက်ခင်းများအတွက် မြေသြဇာပေးအပ်ပွဲသို့ တက်ရောက်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၂၄-၂၀၂၅ စိုက်ဧက၊ အထွက်နှုန်း၊ မြေအမျိုးအစားနှင့် ၂၀၂၅-၂၀၂၆ လျာထားဧက၊ စိုက်ဧကနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအား သဘာဝမြေသြဇာများပေးအပ်ခဲ့ကြသည်။
ထို့နောက် တောင်သူဦးဌေး စိုက်ပျိုးထားသော ရွှေရင်အေးစပါး စိုက်ဧက (၁.၇၈) ဧကအား သဘာဝမြေသြဇာပတ်ကျဲနေမှုနှင့် တောင်သူဦးခင်ဇော်ဦး စိုက်ပျိုးထားသော ရွှေရင်အေးစပါး စိုက်ဧက(၆.၁၇)ဧကတွင် သဘာဝမြေသြဇာပတ်ကျဲနေမှုကို ကြည့်ရှုအားပေး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအား သဘာဝမြေသြဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်လင်းကျေးရွာအုပ်စု၊ ဟဲလုံကျေးရွာသို့ သွားရောက်၍ အစေ့ထုတ်ပြောင်းပန်းတိုင်အထွက်နှုန်းရရှိရေး စံပြစိုက်ခင်းများအတွက် မြေသြဇာပေးအပ်ပွဲသို့တက်ရောက်ရာ ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၂၄ - ၂၀၂၅ အစေ့ထုတ်ပြောင်းစိုက်ဧကနှင့် အထွက်နှုန်းရရှိမှုအခြေအနေ၊ ၂၀၂၅-၂၀၂၆ လျာထားဧက၊ စိုက်ဧကနှင့်အထွက်နှုန်းရရှိမှုအခြေအနေတို့ကို ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က ရေရှည်တွင်တောင်သူများအတွက် ခိုင်မာသောမျိုးစေ့များ ထုတ်လုပ်ပေးရန်လိုအပ်ကြောင်း၊ မျိုးစေ့ထုတ်လုပ်သည့် ကုမ္ပဏီများဖိတ်ခေါ်၍ မျိုးစေ့ထုတ်လုပ်ပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးထိခိုက်ခံစားရသည့် တောင်သူများကိုလည်း မြေသြဇာများပေးအပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပေါင်လင်းကျေးရွာအုပ်စု၊ ဟဲလုံကျေးရွာရှိ တောင်သူများက ကျေးရွာလိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများအား မြေသြဇာများပေးအပ်ကြပြီး တောင်သူ ဦးစိုင်းခမ်းမွန်း စိုက်ပျိုးထားသည့် NK-625စိုက်ဧက (၁. ၂၆) ဧက အစေ့ထုတ်ပြောင်းခြံအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)