တောင်ပိုင်းခရိုင်(၉)မြို့နယ် သုဒ္ဓမ္မာနိကာယဝိနည်းစာပြန်ပွဲ သန်လျင်၌ ကျင်းပ

ရန်ကုန် ဩဂုတ် ၂၂

ရန်ကုန်တောင်ပိုင်းခရိုင်(၉)မြို့နယ် (၅၈) ကြိမ်မြောက် ဝိနည်းစာပြန်ပွဲကြီးကို သန်လျင်မြို့နယ်၌ (၉) ကြိမ်မြောက် အောင်မြင်စွာကျင်းပနိုင်ရေး ဩဝါဒခံယူပွဲကို ဩဂုတ် ၂၀ ရက်နေ့ မွန်းလွဲ(၂)နာရီတွင် သန်လျင်မြို့ မဟာအတုလသဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ သန်လျင်မြို့ မဟာမဇ္ဇိုမာရုံကျောင်းတိုက်ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက သီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့မင်းကျောင်း ပထမပြန်စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဩဝါဒခံယူကြသည်။ ထို့နောက် သန်လျင်မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တဉာဏိန္ဒက ဝိနည်းစာပြန်ပွဲတော်ကျင်းပရေးလုပ်ငန်းစီမံချက်အား ရှင်းလင်းမိန့်ကြားသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် ဒါယကာများက အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး အကြံပြုလျှောက်ထားတင်ပြကြသည်။

ထို့နောက် သန်လျင်မြို့ ဝိသုဒ္ဒါရာမဗုဒ္ဓတက္ကသိုလ်အဓိပတိဆရာတော် ဘဒ္ဒန္တကုမာရက နိဂုံးချုပ်ဩဝါဒကထာမိန့်ကြားတော်မူသည်။

ရန်ကုန်တောင်ပိုင်းခရိုင်(၉)မြို့နယ် ဝိနည်းစာပြန်ပွဲတော်ကြီးကို သန်လျင်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဒီဇင်ဘာ(၁၅)ရက်မှ (၁၈) ရက်နေ့ထိ (၄) ရက်တိုင် ကျင်းပသွားမည်ဖြစ်သည်။

ဖြိုးသီဟ