ရပ်စောက် ဩဂုတ် ၂၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာ၌ တိကျမှန်ကန်မြန်ဆန်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးသရုပ်ပြသခြင်းကို ဇော်ဂျီရပ်ကွက်နှင့် မြို့ဦးရပ်ကွက်ရှိ ဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနိုင်းအွမ်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင်မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျှင်မြန်စွာကြေညာနိုင်ခြင်းစသည့် အကျိုးကျေးဇူးကျေးဇူးများ ရရှိနိုင်ကြောင်း အသိပညာပေးရှင်းလင်းပြောကြားသည်။ ထို့နောက် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။ အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးသရုပ်ပြသခြင်းကို ဩဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ ရပ်စောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ ဆက်