တာမွေမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တာမွေ ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဖြိုးပြည့်စုံက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးအောင်က အမှာစကားပြောကြားရာတွင် “မိမိတို့မြို့နယ်၌ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာကြသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် သက်ဆိုင်ရာလုပ်ငန်းများအလိုက် မှန်ကန်တိကျစွာ စနစ်တကျ ဆောင်ရွက်ပေးကြစေလိုကြောင်း” ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ တာမွေမြို့နယ် ရွေးကောက်ပွဲအရာရှိ ဦး‌သော်ကအောင်မှ တက်ရောက်လာကြသူများအား တာမွေမြို့နယ်အတွင်း စက်တင်ဘာလ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ပြုလုပ်မည့် မဲပေးစက်များဖြင့် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်များ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား သက်ဆိုင်ရာလုပ်ငန်းတာဝန်များအလိုက် ခွဲဝေချထားခြင်းများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

အစည်းအဝေးသို့ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ မြို့နယ်အဆင့် လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်လင်းအာင် (ပြန်/ဆက်)