ပြင်ဦးလွင် ဩဂုတ် ၂၁
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီခွဲက လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက အဖွင့်အမှာစကားနှင့် လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက Moderatorအဖြစ် ဆောင်ရွက်ပြီး လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်း ကျောင်းမှ Grade-(11)နှင့် Grade-(10) ကျောင်းသား၊ ကျောင်းသူများဖြစ်သော မောင်ဘုန်းသန့်က “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မ၀င့်ဝါမောင်က “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနန်းခင်ဆောင်းဦးက “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရွှေယမင်းအောင်က “လူငယ်နှင့်SocialMedia” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယွန်းမီမီထွန်းက “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူနှင့် မြန်မာစာပေယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက ကျောင်းသား၊ ကျောင်းသူများ ဆွေးနွေးခဲ့ကြသည့်အပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးခဲ့သော ကျောင်းသား၊ ကျောင်းသူများက မေးမြန်းချက်များအပေါ် ဖြေကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား တာ၀န်ရှိသူများက ဂုဏ်ပြုကတ်များနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ မေးခွန်းမေးမြန်း ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ပြီးနောက် လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမီအောင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားကာ လူငယ်စကားဝိုင်းအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊စာစောင်များအား ခင်းကျင်း ပြသပေးခဲ့ကြသည်။ လူငယ်စကားဝိုင်းသို့ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သွေးသွေး(ခရိုင်၊ပြန်/ဆက် )