ကျိုက်ထို ဩဂုတ် ၂၁
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅ ခုနှစ် မြို့နယ်အဆင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအခမ်းအနားကို ဩဂုတ် ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် မြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကျိုက်ထိုမြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးအဆင့်(၁) ဦးထွန်းညီညီက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်ကျင်းပရခြင်းမှာ ပြည်သူလူထုအတွင်း အာဟာရနှင့်ပတ်သက်၍ အသိပညာပိုမိုရရှိလာစေရန်၊ မှန်ကန်တဲ့အာဟာရကို ရွေးချယ်စားသုံးတတ်စေရန်နှင့် ညီညွတ်တဲ့လူနေမှုပုံစံကိုလက်ခံကျင့်သုံးလာစေရန်၊ မိမိတို့နေထိုင်သည့် အိမ်၊ စာသင်ကျောင်း၊ အလုပ်ခွင်များမှာ အာဟာရပြည့်ဝတဲ့အစားအစာများအား ရွေးချယ်စားသုံးကြစေရေး မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ရှိပြည်သူများအား မျှဝေပေးစေလိုကြောင်း အစိုးရဌာနများ၊ ကျန်းမာရေးဝန်ထမ်းများ အရပ်ဘက်အဖွဲ့များက ပြည်သူလူထုနှင့်ပူးပေါင်းလက်တွဲ၍ အာဟာရမြှင့်တင်ရေးလုပ်ငန်းတွင် အတူတကွလက်တွဲဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအားအာဟာရဖွံ့ဖြိုးစေရန် ဗီတာမင်အေတိုက်ကျွေးခဲ့ကြကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)