ပင်းတယ ဩဂုတ် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အာဟာရရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ် မိခင်နို့တိုက်ကျွေးမှုစံပြမိခင်ပြိုင်ပွဲ ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင် ဒေါ်မျိုးမမခိုင်က အဖွင့်အမှာစကားပြောကြားပေးပြီး၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်မှ ပြိုင်ပွဲကျင်းပေးရခြင်း ရည်ရွယ်ချက်နှင့် ကျန်းမာရေးအသိပညာပေးဟောပြောရာတွင် မိခင်နို့၏ အရေးပါပုံ၊ မိခင်လောင်းများ၊ မိခင်များနှင့် ကလေးငယ်များအတွက်(4-Star) ဟုခေါ်သည့်အစာအုပ်စုလေးမျိုး ပါဝင်အောင် မျှတစွာကျွေးမွေးကြရမည်ဖြစ်ကြောင်း၊ (4-Star) အစာအုပ်စုလေးမျိုးမှာ (၁)ထမင်း၊ ဂျုံ၊ ခေါက်ဆွဲ၊ ပေါင်မုန့်(၂) ပဲအမျိုးမျိုး(၃) ဗီတာမင် A ပါဝင်သော ဟင်းသီးဟင်းရွက်များနှင့် (၄)အသား၊ ပဲ၊ နို့ စသည်တို့ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဆုရရှိသူများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများမှ ဆုချီးမြှင့်ကြပြီး၊ မိခင်နှင့်ကလေးများအတွက် ဗီတာမင်အားဆေးများပေးဝေခဲ့ကြောင်းနှင့် ပြိုင်ပွဲတက်ရောက်လာသော မိခင်များကို “အာဟာရပြည့်ဝကျန်းမာဖို့ အစာမျိုးစုံစားကြစို့” ဟူသည့် နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ တက်ရောက်လာကြသူများမှ စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)