ရမည်းသင်း ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု (ခရိုင်/မြို့နယ်အဆင့်) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရမည်းသင်းမြို့နယ် မြို့မ (အ.ထ.က) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချူပ်ရေးကော်မတီ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဇော်မျိူးထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်က အာဟာရလုပ်ငန်းစဥ်များ၊ ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်များနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်လှုပ်ရှားမှုနှင့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်ပြိုင်ပွဲအနေဖြင့် အာဟာရသရုပ်ဖော်ပြခန်းငယ် ဆုရရှိသူများနှင့် စံပြမိခင်နို့တိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်မိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ဆုများ ချီးမြှင့်ပေးခဲ့ကြသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်/နို့တိုက်မိခင်များအား အာဟာရထောက်ပံ့ခြင်း၊ အသက်ငါးနှစ်အောက် ကလေးငယ်များ Vit A တိုက်ကျွေးခြင်းနှင့် တက်ရောက်လာကြသူများနှင့်အတူ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်လှုပ်ရှားမှု ကျန်းမာရေးအဆင့်မြင့် ကျောင်းလုပ်ငန်းများဖြစ်သည့် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်များအား အသုံးပြုပြီး အထွေထွေကျန်းမာရေးစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးကုသမှုပေးခြင်း၊ အလယ်တန်း ကျောင်းသူများအား သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား သန်ချဆေး တိုက်ကျွေးခြင်း၊ ပိုးလောက်လမ်းကင်းစင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများမှ အာဟာရပြည့်ဝမျှတသည့် အစားအစာများ ပြင်ဆင်ချက်ပြုတ်ပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူကလေးများက အစာအုပ်စု (၃) အုပ်စုနှင့် ပတ်သက်၍ အာဟာရပညာပေးခြင်း၊ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးမှု ဆောင်ရွက်ခြင်း၊ စနစ်တကျလက်ဆေးခြင်းနှင့် စနစ်မှန်သွားတိုက်ခြင်းလုပ်ငန်းများ၊ KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ပြခန်းငယ်များ၊ နံရံကပ်စာစောင်များ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)