စစ်တွေ ဩဂုတ် ၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်စင်လစာထုတ်ယူရန်လာရောက်ကြသည့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ဆန်နှင့် စားသောက်ဖွယ်ရာများပေးအပ်ချီးမြှင့် ကြသည်။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ အဆင်ပြေချောမွေ့စေရန်အတွက် ရုံးဖွင့်ရက်များ၌ နံနက် ၇ နာရီမှစတင်၍ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး