ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မြို့နယ်အဆင့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ဟိုပုံး ဩဂုတ် ၂၁

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌  မြို့နယ်အဆင့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာ‌ရေးဌာနတွင် ပြုလုပ်သည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မြတ်ခင်မော်က ကလေးများ၏ အနာဂတ်တွင် ကျန်းမာဖွံ့ဖြိုးစေရန်အတွက် အခြေခံကျပြီးအရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို “ကလေးများအနာဂတ်လှပဖို့၊ မိခင်နို့ချိုတိုက်ကျွေးလို့၊ ရင်းနှီးမြှုပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မိခင်နို့တိုက်ကျွေးခြင်းမှ အစပြုပြီး အသက်အရွယ်အလိုက် အာဟာရစောင့်ရှောက်ခြင်း လုပ်ငန်းများပိုမိုခိုင်မာအောင် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန  မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်ထားထားဆွေက ကိုယ်ဝန်ဆောင်စဉ်နှင့် မိခင်နို့တိုက်ကျွေးစဉ် ကျန်းမာရေးနှင့်ညီညွတ်အောင် စားသုံးခြင်းအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ခင်နှင်းကြူက မိခင်နို့ချို စနစ်တကျတိုက်ကျွေးခြင်းအကြောင်းအရာများကို အသိပညာပေးပြောကြားပြီးနောက် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်‌ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား မေးခွန်းများမေးမြန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မြတ်ခင်မော်နှင့် အဖွဲ့ဝင်များက မေးခွန်းများမေးမြန်းရာ၌ အဖြေမှန်သည့် ကိုယ်ဝန်‌ဆောင် မိခင်များနှင့် နို့တိုက်မိခင်များအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များက ကိုယ်ဝန်‌ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရဖြည့်စွက်ပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)