မူဆယ် ဩဂုတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တပ်ဆင်အသုံးပြုမည့် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း ရှင်းလင်းပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းက အဖွင့်အမှာစကားပြောခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့၏ လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ကော်မရှင်အရာရှိ ဦးဇာနည်မြင့်ထွန်းက အီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ မဲရုံများကြီးကြပ်ရန် ရပ်ကွက်အလိုက်တာဝန်ချထားပေးသည့် ဌာနဆိုင်ရာများအား မိမိတို့တာဝန်ကျရာမဲရုံများကို ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)