ချမ်းမြသာစည် ဩဂုတ် ၂၁
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၄) အခြေခံပညာအထက်တန်းကျောင်းရှိ နန်းကေသီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ချမ်းမြသာစည် မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြား၍ “လူငယ်များ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သူလေးများ ဖြစ်ပေါ်လာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်နှင့်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များ တိုးတက်လာစေရန်နှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များ ကိန်းအောင်းလာစေရန်၊ လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း" ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ခင်စိမ်းဝင်းက Moderatorအဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပြီး Grade(11)နှင့် Grade (10)မှ ကျောင်းသူလေးများက လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့် ယဥ်ကျေးမှု၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊လူငယ်နှင့် ကျား/မတန်းတူအခွင့်အရေး စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများသည်ခန်းမအတွင်း ပြသထား သော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ လူငယ်စကားဝိုင်းသို့ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊ အမှတ်(၃၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့ (ချမ်း/စည်)