စဉ့်ကိုင်မြို့နယ်၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး

စဉ့်ကိုင် ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက စဉ့်ကိုင်မြို့နယ်၊ သင်္ဂတုံကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် ‌မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူက မီးခိုးမြူငွေ့မဖြစ်ပေါ်စေရန် ကာကွယ်နိုင်မည့်အချက်များကို အသိပညာပေးဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးသီဟကျော်က မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် သက်ရောက်နိုင်သည့် ဆိုးကျိုးအန္တရာယ်များအကြောင်း၊  မီးခိုးမြူငွေ့ညစ်ညမ်းမှု မဖြစ်ပေါ်စေရန် လိုက်နာရမည့်အချက်များ၊ မီးခိုးမြူငွေ့ညစ်မှု လျှော့ချခြင်းဖြင့် ရရှိခံစားနိုင်မည့် အကျိုးကျေးဇူးများစသည့် အကြောင်းအရာများအား ကျေးလက်နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်းဟောပြော ခဲ့ပြီး မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)