တာလေ ဩဂုတ် ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(တာလေ)၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုဆောင်ရွက်ရာတွင် တာလေမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးပေးခြင်း၊ သံဓာတ်အားဆေးများတိုက်ကျွေးပေးခြင်း၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်ကန်စွာသွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြုသန်ချဆေးတိုက်ကျွေးခြင်း၊ သောက်ရေအိုးများတွင် ရေသန့်ဆေးခတ်ခြင်းများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)