ချမ်းအေးသာစံ သြဂုတ် ၂၁
အနာဂတ်ကာလတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဥာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ချမ်းအေးသာစံမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ချမ်းအေးသာစံမြို့နယ် မြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါကျော်မှ “ကျောင်းသား၊ ကျောင်းသူများအား စိတ်ဓာတ်မြင့်မားစေရန်နှင့်စည်းကမ်းရှိစေရန်တို့အတွက် ဦးစွာပြောကြားခဲ့ပြီး ကျောင်းသားလူငယ်များ ပညာရေးကို ထူးချွန်စေရန်အတွက် ကြိုးစားအားထုတ်ကြဖို့” အဖွင့်အမှာစကားအနေဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူငါးဦးတို့နှင့်အတူ လူငယ်စကားဝိုင်းအခမ်းအနားကို စတင်ခဲ့ကြရာ မောင်ဝေဖြိုးအောင်မှ “လူငယ်နှင့်ဗလငါးတန်”၊ မခင်စုစုစံမှ “လူငယ်နှင့်အားလပ်ချိန်”၊ မောင်အောင်မင်းခန့်မှ “လူငယ်နှင့်စာဖတ်ခြင်း”၊ မဇင်မျိုးမြတ်သူမှ “လူငယ်နှင့် မူးယစ်ဆေး”၊ မသွန်းရတီဇော်မှ “လူငယ်နှင့်ကျန်းမာရေး”၊ စတဲ့ ခေါင်းစဥ် ငါးမျိုးဖြင့် ဆွေးနွေးပြောကြားခဲ့ကြသည်။ အဆိုပါ ဆွေးနွေးခဲ့သည့်အကြောင်းအရာများနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူလေးများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဦးထွန်းထွန်းနိုင်မှ ပြန်လည်ဖြေကြားခဲ့ပြီး အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိအောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
လူငယ်စကားဝိုင်း အခမ်းအနားသို့ ချမ်းအေးသာစံမြို့နယ် မြို့နယ်ပညာရေးမှုး ဆရာမကြီးဒေါ်ဝါဝါကျော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့်ဝန်ထမ်းများ၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိအောင်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်