အမရပူရမြို့နယ်တွင် ဓနုံးကျေးရွာ ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲကျင်းပ

အမရပူရ သြဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဓနုံး​ကျေးရွာ ဓနုံးစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါစာကြည့်တိုက်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဓနုံးစာကြည့်တိုက်ကို မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ အမရပူရမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်ကျေးရွာဥက္ကဋ္ဌ ဦးကျော်မြတ်ခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စာကြည့်တိုက်ကမ္ဗည်းမော်ကွန်းကို အမွှေးနံသာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် စာကြည့်တိုက်အတွင်းလှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး စာကြည့်တိုက်ဖွင့်ပွဲ ဒုတိယပိုင်းကိုကျင်းပခဲ့ရာ အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီး စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့သည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက စာကြည့်တိုက်များဆောက်လုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာကြည့်တိုက်အတွက်စာအုပ်စာစောင်များကို လှူဒါန်းပေးခဲ့သည်။ ထို့နောက် စာကြည့်တိုက်တည်ဆောက်ရာတွင် ပါဝင်ကူညီခဲ့သည့်အလှူရှင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက စာကြည့်တိုက်ဖွင့်ပွဲပြုလုပ်ရခြင်းအတွက် ဝမ်းသာကျေးဇူးတင်စကားပြောကြားခဲ့သည်။ ယခုဖွင့်လှစ်သည့် ဓနုံးကျေးရွာ စာကြည့်တိုက်သည် နိုင်ငံတော်မတည်ငွေ ကျပ်သိန်းတစ်ရာ့ငါးဆယ်နှင့် ကျေးရွာပြည်သူလူထုပူးပေါင်း ဆောက်လုပ်သော စာကြည့်တိုက်ဖြစ်ကြောင်း သိရသည်။

စိုးသီဟ(အမရ)