လင်းခေး သြဂုတ် ၂၁
အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လင်းခေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လင်းခေးမြို့ရှိ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူစုစုပေါင်း (၁၃၀)ဦးတို့အား ၂၀၂၅ခုနှစ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် တစ်ဦးလျှင် တစ်လ ကျပ်နှစ်သောင်း(၂၀၀၀၀ိ/-)နှုန်းဖြင့် ၃ လစာအတွက် ကျပ် ခြောက်သောင်း (၆၀၀၀၀ိ/-)စီအား တစ်ဦးချင်းအလိုက် လက်ဝယ်အရောက်ပေးအပ်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ အခမ်းအနားအပြီးတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူတို့က တက်ရောက်လာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား လှည့်လည်အားပေးစကား ပြောကြားပေးခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)