နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ယူရီးယားဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြို့နယ်ပေါင်းစုံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဩဂုတ် ၂၁

နေပြည်တော်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ဦးတည်ချက်လေးရပ်တွင် "နိုင်ငံစီးပွားဖွံဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro - based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး"နှင့်အညီ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကိုအခြေခံပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စိုက်ပျိုးဆောင်ရွက်ရေးနှင့် တစ်နှစ်သုံးသီး ရာသီပြည့် စိုက်ပျိုးနိုင်ရန်လိုအပ်ကြောင်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲကြရန် လိုအပ်ကြောင်း၊ စပါးစိုက်ပျိုးရာတွင် ကြဲပက်စနစ်ပပျောက်အောင် ကောက်စိုက်စက်များ၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဝေပေးသည့် ဓာတ်မြေဩဇာများကို အမှန်တကယ်လိုအပ်သော တောင်သူများလက်ဝယ်သို့ ရောက်ရှိအောင် စနစ်တကျ စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် မွေးမြူရေးလုပ်ငန်းတွင် နွား၊ ဆိတ်၊ ငါးနှင့် ဥစားကြက်၊ ဥစားဘဲများ တိုးချဲ့မွေးရန်လိုအပ်ကြောင်း၊ တိရိစ္ဆာန်များကို လွှတ်ကြောင်းစနစ်မှ ခြံလှောင်စနစ်သို့ ပြောင်းလဲမွေးမြူရန်နှင့် တိရိစ္ဆာန်အစာ မြက်များနှင့် နှံစားပြောင်းများကိုလည်း ကိုယ်တိုင်စိုက်ပျိူးကျွေးမွေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသူများမှ တောင်သူများကို နည်းပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွေစံအိမ်ဟိုတယ်၌ ၂၀၂၅ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲအစီအစဉ်များအတိုင်း Men's Sports Physique ပြိုင်ပွဲ ယှဉ်ပြိုင်ခြင်း၊ Women's  Model  Physique ပြိုင်ပွဲ ယှဉ်ပြိုင်ခြင်း၊ အမျိုးသားကာယဗလပြိုင်ပွဲဝင်များနှင့် Fitness Physique ပြိုင်ပွဲဝင်များမှ သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ Women's  Model  Physique ပြိုင်ပွဲ၊ Men's Sports Physique ပြိုင်ပွဲများတွင် ဆုရရှိသူများအား နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများမှ ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက Men's Sports Physique ပြိုင်ပွဲတွင် ပထမဆုရရှိသော အားကစားသမားနှင့် တံခွန်စိုက်ဆုရရှိသော ဒက္ခိဏသီရိမြို့နယ်အသင်းအား ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲတွင် နေပြည်တော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်းအတွက် ချီးမြှင့်ငွေများအားလည်းကောင်း ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံမှုရှိအောင် စံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်ရေး၊ ဆယ်တင်ပစ္စည်းများအား စနစ်တကျ ပြန်လည်အသုံးပြုရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)