လယ်ဝေးမြို့ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

လယ်ဝေး ဩဂုတ် ၂၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဩဂုတ် ၁၉ ရက်နေ့မွန်းလွဲပိုင်းက အမှတ်(၃)ရပ်ကွက်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)ရပ်ကွက်များမှ ပြည်သူများ တက်ရောက်ခဲ့သည်။

အဆိုပါ အသိပညာ‌‌ပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်း ဆောင်ရွက်ရာသို့ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လာရောက်ကြည့်ရှုပြီး မကြာမီကျင်းပမည့် ပါတီစုံဒီမိုရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးရှိ မဲဆန္ဒရှင်ပြည်သူများ လက်တွေ့အသုံးပြုနိုင်စေရန်အတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

မဲပေးစက်ဆိုင်ရာ အသိပညာပေးနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများအား လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဩဂုတ် ၁၈ ရက်မှ စတင်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ၊ အဆင့်မြင့်လယ်ယာမြေဧက ၂၀၀ တွင် မြေဆွေးပြုလုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ကူသပိတ်ကျေးရွာ အဆင့်မြင့်လယ်ယာမြေ ဧက ၅၀၀ အတွင်း ဆည်မြောင်းဦးစီးဌာန၊ တည်ဆောက်ရေး(၅)မှ ရေမြောင်းများဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုကာ ရေစီးရေလာကောင်းမွန်ရေး၊ သီးနှံများအချိန်မီစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)