တာချီလိတ်မြို့၌ မြို့နယ်ပညာရေးမှူး(ဖလား) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပ

တာချီလိတ် ဩဂုတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီနှင့် အခြေပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မြို့နယ်ပညာရေးမှူး (ဖလား) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက တာချီလိတ်မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်က အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ကျောင်းအားစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်၍ အားကစားအပေါ် ချစ်မြတ်နိုးသည့် အလေ့အကျင့်များရရှိကာ အခြေခံပညာကျောင်းအဆင့်မှ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ဖော်ဆောင်နိုင်သည့် လက်ရွေးစင်အားကစားသမားများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းအမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးထွန်းလှိုင်က ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက်  အ.ထ.က(ဟောင်လိတ်)ကျောင်းမှ ကျောင်းသူလေးများက Fitness Dance အကဖြင့်လည်းကောင်း၊ ကရာတေး၊ တိုက်ကွမ်ဒိုအခြေခံနည်းစနစ်များကို အားကစားသမားများက အသီးသီးသရုပ်ပြသဖျော်ဖြေခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် အလှူငွေများ ပါဝင်လှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်ဖြစ်သည့် မီဒေးကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အ.ထ.က (ဆန်ဆိုင်း)ကျောင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဘောလုံး၊ ဘတ်စကတ်ဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ဘောလီဘော စသည့် အားကစားနည်း ၆ မျိုးဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းပေါင်း ၂၅ ကျောင်းမှ အားကစားသမားစုစုပေါင်း ၁၂၆၁ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)