နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှု၊ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းအခမ်းအနား တက်ရောက်

နေပြည်တော် ဩဂုတ် ၂၁

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၂၈ ကွင်း၊ တောင်သူ ဦးထွန်းဝေ၏ လယ်ငါးဧကအား အောင်နိုင်တိုးစပါးစိုက်ပျိုးထားရှိမှုအပေါ် ကောက်ကွက်ဖာခြင်းအား ကွင်းဆင်းကြည့်ရှု့ခြင်း၊ ကျွန်းတပဲ့အုပ်စု၊ ကွင်းအမှတ် ၁၈၁၃ တောင်သူဦးဝင်းလွင်၏ လယ်ငါးဧကအား ဆင်းသုခစပါးမျိုးစိုက်ပျိုးနေမှုအားကြည့်ရှုခြင်းနှင့် ရွာမကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၇၂ ကွင်း တောင်သူဦးဇော်မင်း၏ လယ်နှစ်ဧကအား ရေဆင်းပေါ်ဆန်း-၂ မျိုးစပါးစိုက်ပျိုးနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သီးနှံများအထွက်တိုးစေရေးအတွက် မြေပြင်ခြင်းလုပ်ငန်းအား စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းမှန်ကန်၍ ပန်းတိုင်အထွက်နှုန်းရရှိစေရေး နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ ကောင်းမွန်အောင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သီးနှံအထွက်တိုးစေရေးအတွက် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာတို့ကို အချိုးကျစွာသုံးစွဲမှသာ ပန်းတိုင်အထွက်နှုန်းကျော်လွန်စွာ ထွက်ရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် မြို့နယ်စိုက်ကြပ်အဖွဲ့၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ရွာမအုပ်စု၊ ကျားကူးအနောက်ကျေးရွာအဝင်လမ်းပေါ်ရှိ Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ရွာမကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၇၂ ကွင်း နယူးအေးရှားကုမ္ပဏီမှ ၈၅ ဧက မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် မြေပြင်နေမှုအခြေအနေအား ကွင်းဆင်းကြည်ရှုခြင်းနှင့် ကွင်းအမှတ် ၁၆၇၁ ကွင်းအတွင်းရှိ တောင်သူရေသောက်မြောင်းအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ခြင်း၊ ချိုင်းကျေးရွာအုပ်စု၊ ရွာမကျေးရွာအုပ်စု၊ ကျွန်းတပဲ့ကျေးရွာအုပ်စုနှင့် ရန်အောင်မြင်ကျေးရွာအုပ်စုများအတွင်း သဘာဝမြေဩဇာရရှိနိုင်ရေး (ရိုးဖြတ်မြေဆွေး) EM ဘိုကာချီမြေဆွေဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ရန်အောင်မြင်ကျေးရွာအုပ်စု၊ အုန်းတောပရိယတ္တိစာသင်တိုက်၊ ဓမ္မာရုံတွင်ကျင်းပသည့်ဒက္ခိဏသီရိမြို့နယ်ရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုအခမ်းအနားကို တက်ရောက်သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးမင်းထက်အောင်နှင့် တာဝန်ရှိသူများက မဲစာရင်းများကြည့်ရှုခြင်း၊ အမည်စာရင်းမပါရှိပါက ဆောင်ရွက်ရန်အချက်များနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခြင်း၊ ပြည်သူများအနေဖြင့် MEVM (Myanmar Electronic Voting Machine) စနစ်ဖြင့် မဲပေးပုံပေးနည်းများ၊ မဲပေးစက်နှင့် မဲပေးပုံအဆင့်ဆင့်တို့အား မဲပေးစက်နှစ်လုံးဖြင့် လက်တွေ့သရုပ်ပြမဲပေးခြင်းအား ရှင်းလင်းပြောကြားခြင်း၊ ရပ်ကွက်နေပြည်သူများမှ MEVM စနစ်ဖြင့် လက်တွေ့မဲပေးခြင်းလုပ်ငန်းများအား အပိုင်းသုံးပိုင်းခွဲကာ စမ်းသပ်လေ့ကျင့်ဆောင်ရွက်ခြင်းနှင့် လက်တွေ့မဲပေးခြင်းလုပ်ငန်းများ စမ်းသပ်လေ့ကျင့်နေမှုများအား နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)