ဇမ္ဗူသီရိ ဩဂုတ် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ငလျင်ဘေး၊ ရေဘေးနှင့် မီးဘေးများဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ အနီးကပ်စီမံဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ Full Moon ကိုယ်ပိုင်ကျောင်း၌ ငလျင်ဘေး၊ ရေဘေး၊ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်ဘေးနှင့် ရေဘေးအပါအဝင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုခြင်း၊ ဆီမီးလောင်မှု၊ ဂတ်စ်မီးလောင်မှု ငြှိမ်းသတ်သရုပ်ပြခြင်းနှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ဘေးကင်းလွတ်မြောက်ရာသို့ စနစ်တကျထွက်ခွာခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို သိရှိထားရန်လိုအပ်သကဲ့သို့ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့ပြင် နေပြည်တော်ကောင်စီ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသော စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ လူမှုရေးပရဟိတအဖွဲ့များနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်စေရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
နီလာ(ပြန်/ဆက်)