တပ်ကုန်း ဩဂုတ် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ကစားနည်းများ သင်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်က မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များနှင့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မြေပြို၊ မုန်တိုင်းဒီရေ၊ မိုးခေါင်ရေရှား၊ သောင်းကျန်းသူ၊ ကပ်ရောဂါ စသည့် ဘေးအန္တရာယ်ဆိုင်ရာများတွင် မီးသတ်ဦးစီးဌာနမှ ကူညီဆောင်ရွက်ရသည့်အကြောင်းများ ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးသော်ခန့်ဝေနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြှိမ်းသတ်နည်းများနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေး အသိပညာပေး ဂိမ်းကစားနည်းများဖြစ်သည့် Fire target shooting game ၊ Fire tig-tag-toe game၊ အရေးပေါ်ရှေးဦးသူနာပြုစုခြင်း၊ လူနာထမ်းစင်ပြုလုပ်ခြင်း၊ အသက်ကယ်အင်္ကျီပြုလုပ်ခြင်း၊ အရေးပေါ်အိတ်ပြုလုပ်ခြင်း၊ အသက်ကယ်သော ကြိုးကလေးပြုလုပ်ခြင်း စသည့်ကစားနည်းများ ရှင်းလင်းသင်ကြားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်