မိတ္ထီလာ သြဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆေးဆိုင်များအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိ ဒေါ်စိမ်းစိမ်းထွေး ဦးဆောင်သောဈေးကွက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် မြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးရာ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်မကြားချက်မလိုသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ စသည့်တို့ကို စစ်ဆေးခဲ့ပြီး၊ စပ်ဆေးအသုံးပြုမှုလျော့ပါးစေရေး၊ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော အရည် အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှု ခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)