မိုင်းယောင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မိုင်းယောင်း ဩဂုတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင်  မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးမိုးဝင်း(ခ) တင်မိုးဝင်းက မဲပေးစက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ၊ ဒုတိယဦးစီးမှူး ဦးဇင်မင်းထွန်းနှင့် အကြီးတန်းစာရေး ဒေါ်သန်းသန်းစောတို့က မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE)ဖြင့် မဲပေးနည်းအား သရုပ်ပြသခဲ့သည်။

ထို့နောက် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် ပါဟုတ်ကျေးရွာတို့မှ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း၊ တာဝန်ရှိသူများက မဲရလဒ်များအား ထုတ်ယူကြည့်ရှုစစ်ဆေးခြင်းများကို သရုပ်ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ လက်တွေ့စမ်းသပ်မဲပေးခြင်းသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဝင်းတင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း