ပိုလီတက္ကနစ် တက္ကသိုလ်(ပင်လုံ)၌ လူငယ်စကားဝိုင်း ပြုလုပ်

လွိုင်လင် ဩဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ)နှင့် လွိုင်လင်ခရိုင် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း(ပလပ်စတစ်အန္တရာယ် နှင့် ပလပ်စတစ်သုံးစွဲမှုလျော့ချရေး) ခေါင်းစဉ်ဖြင့် အဆိုပါတက္ကသိုလ်ခန်းမ၌ ယမန်နေ့နံနက်(၁၀) နာရီက ပြုလုပ်ကျင်းပပါသည်။

ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာချို၊ မြို့နယ်စည်ပင်သာယာရေးဌာန ဒေါ်နန်းယဉ်ယဉ်စိုး၊ ကျောင်းသား/သူ (၅)ဦးတို့က ဦးဆောင်၍ ပလပ်စတစ်သုံးစွဲမှုစတင်ဖြစ်ပေါ်လာပုံ၊ ပလပ်စတစ်သုံးစွဲမှုများပြားလာပုံ၊ အသုံးပြုပြီးပလပ်စတစ်များကို စနစ်တကျစွန်ပစ်ခြင်းမရှိပါက နောက်ဆက်တွဲဆိုးကျိုး‌ကြောင့် ကုန်းနေ၊ ရေနေ၊ သက်ရှိသက်မဲ့သတ္တဝါများအတွက် ဆိုးကျိုးများဖြစ်ပေါ်လာပြိး အန္တရာယ်ရှိ အဆင့်သို့ရောက်ရှိလာပုံများနှင့် ဆက်စပ်ပတ်သက်၍ လည်းကောင်း၊ ပလပ်စတစ်သုံးစွဲမှုလျော့ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း စကားဝိုင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုကို၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြင့်နှင့် အကြီးအကဲများက ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး လူငယ်စကားဝိုင်းကို အောင်မြင်စွာပြီးမြောက်ခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းသို့ ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြင့်နှင့် ဌာနမှူးများ၊ ကျောင်းသား/သူများ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

လွိုင်လင်မိုး