အောင်မြေသာစံ ဩဂုတ် ၂၁
ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌနှင့် အခြေခံပညာအထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်းအုပ်ကြီးများ တွေ့ဆုံပွဲ အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး၊ ကျောင်းနေကလေးတိုင်း ပညာရည်ပြည့်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံဖြိုးတိုးတက်ရေး၊ အောင်ချက်မြင့်မားရေး၊ ကျောင်းအတွင်း၊ အပြင်နှင့်စာသင်ခန်းများ ဥပဓိရုပ်ကောင်းမွန်ရေး စသည်တို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ခရိုင်ကော်မတီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်အေးနှင့် ခရိုင်ပညာရေးမှူးဆရာကြီး ဦးသိန်းဒန်တို့က အမှာစကားပြောကြားကြသည်။ ၎င်းနောက် တက်ရောက်လာသော ကျောင်းအုပ်ကြီးများက မိမိကျောင်း၏ လိုအပ်ချက်များကို တင်ပြကြရာ ခရိုင်ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးသိန်းဒန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းဇော်၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေးနှင့် အထက်တန်း၊ အထက်တန်းကျောင်း (ခွဲ)၊ အလယ်တန်း၊ အလယ်တန်းကျောင်း (ခွဲ)၊ မူလတန်းလွန်ကျောင်းနှင့် မူလတန်းကျောင်း (၅၆) ကျောင်းမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)