မန္တလေး ဩဂုတ် ၂၁
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ဆေးပညာဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ (Capacity Building Workshop for Clinical Faculty: Implementation of Outcome based Integrated Curriculum) ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက မန္တလေး ချမ်းအေးသာစံမြို့နယ်ရှိ ဆေးတက္ကသိုလ်-မန္တလေး၏ မန်းရတနာပုံခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်း၊ ဆေးတက္ကသိုလ်-မန္တလေးပါမောက္ခချုပ် ပါမောက္ခဒေါက်တာ မျိုးသက်တင်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး)၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ဆေးတက္ကသိုလ်-မန္တလေးမှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ သင်ကြားရေးဆေးရုံကြီးများမှ ဆရာဝန် ၃၆ဦးတို့ တက်ရောက်ကြသည်။
ဦးစွာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Virtualစနစ်ဖြင့် အမှာစကားပြောကြားပြီး ဆေးတက္ကသိုလ်-မန္တလေး ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။
ဆေးတက္ကသိုလ်များအားလုံးတွင် နိုင်ငံတကာစံနှုန်းများနှင့် အညီ ဖြစ်စေရေးအတွက် မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome based Integrated Curriculum-OBIC) အသစ်ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ပြောင်းလဲသင်ကြားခဲ့ကြကြောင်း၊ သင်ကြားရေးဆေးရုံတွင် တာဝန်ထမ်းဆောင်နေသူများအားလုံး သင်ကြားရေးတွင် အခက်အခဲမရှိစေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်။
ယခုအလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင်လည်းဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ် ၂၀ ရက်မှ ၂၂ ရက်အထိ ဆေးတက္ကသိုလ်-မန္တလေးတွင် သုံးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)