စစ်တွေ ဩဂုတ် ၂၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် ရခိုင် ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးသက်ထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ အားကစားခန်းမနှင့် အားကစားကွင်းများ သန့်ရှင်းသာယာလှပရေးအတွက် ကွင်းဆင်းကြည့်ရှုစ်စဆေးကြသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ ဓညဝတီအားကစားခန်းမသို့ သွားရောက် ကြည့်ရှုစစ်ဆေးကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမောင်က အားကစားခန်းမဝင်းအတွင်း အားကစားခန်းမ၊ အားကစားရုံများ တည်ဆောက်ထားရှိမှု၊ ခန်းမအတွင်း အားကစားပွဲများကျင်းပခဲ့မှုနှင့် ဆက်လက်ကျင်းပမည့်အစီအမံများကို ရှင်းလင်း တင်ပြ သည်။
ဆက်လက်၍ စစ်တွေမြို့ ဝေသာလီအားကစားကွင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များနည်းတူ လူငယ်စင်တာဆောက်လုပ်မည့်လျာထားနေရာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်ဦးစီးမှူးတို့က လိုက်လံရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ ဓညဝတီအားကစားကွင်း၊ အထူးတန်း ပွဲကြည့်စင် နှင့် ရိုးရိုးပွဲကြည့်စင်များ တည်ဆောက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဒုတိယဝန်ကြီးက မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာရေး၊ ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားများ ပေါ်ထွန်းလာရေး၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာရေးအတွက် အားကစားကွင်းရုံများတွင် အားကစားနည်း များအလိုက် စဉ်ဆက်မပြတ် လေ့ကျင့်ယှဉ်ပြိုင်နိုင်စေရေး ဆောင်ရွက်ထားရှိရန်၊ ပြိုင်ပွဲများကျင်းပ ပေးသွားရန်၊ အားကစားကွင်းရုံများ သန့်ရှင်းသပ်ရပ်စေရေး၊ ခိုင်မာမှုရှိစေရေး အမြဲကြပ်မတ်သွားရန်နှင့် လူငယ်များစာပေဖတ်ရှုနိုင်ရေးဆောင်ရွက်ပေးသွားရန် လူငယ်စကားဝိုင်းများ၊ လူငယ်ပွဲတော်များကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
တင်ထွန်း(ပြန်/ဆက်)