စစ်တွေ ဩဂုတ် ၂၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ် ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် အဖွဲ့ဝင်များ တက်ရောက်သည်။
ဦးစွာ တတိယဆုရရှိသော အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက အေရိုးဗစ်အကဖြင့် ကပြဖျော်ဖြေကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက တတိယဆုရရှိသောအသင်းအား ဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဆုရရှိသော အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မကျည်းမြိုင်မှ ကျောင်းသူများက အေရိုးဗစ်အကဖြင့် ဖျော်ဖြေကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က ဒုတိယဆုရရှိသော အသင်းအား လည်ဆွဲဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပထမဆုရရှိသော အခြေခံပညာအထက်တန်းကျောင်း(ခွဲ)စက်ရုံစုမှ ကျောင်းသူများက အေရိုးဗစ်အကဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသော အသင်းအား ဆုတံဆိပ်၊ ချီးမြှင့်ငွေနှင့် တံခွန်စိုက် ဆုဖလားတို့ အားပေးချီးမြှင့်သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ရှိ လူငယ်များဘက်စုံပညာပြည့်စုံပြီး အနာဂတ် မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများကို လက်ဆင့်ကမ်း မွေးထုတ်နိုင်ရန် ရည်ရွယ်ပြီး လူငယ်ဖိုရမ်၊ အားကစားပွဲများ၊ စကားဝိုင်းများ၊ စာဖတ်ဝိုင်းများစသည်ဖြင့် လူငယ်များ၏ အတွေးအမြင်အသိပညာဗဟုသုတများရရှိရေး အခမ်းအနားများကို အခါအခွင့်ရှိသည့်အခါတိုင်း ကျင်းပပေးလျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ ရောက်ရှိရေး၊ အသိပညာအတတ် ပညာများနှင့် ပြည့်စုံသော ပညာတတ်များပေါများရေး၊ အနည်းဆုံးအခြေခံပညာအလယ်တန်း( KG+9) ပြီးမြောက်ရေး၊ သင်ယူမှုအဆင့်မြှင့်တင်ရေး၊ သုတေသနနှင့်ဆန်းသစ်တီထွင်မှု အားပေးရေးကိုအခြေခံ၍ ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှပညာသင်ယူရေးအတွက် မူဝါဒများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်ခေါင်းဆောင်များ ဖြစ်ထွန်းလာမည့် မျိုးဆက်သစ်လူငယ်များဖြစ်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်အခါ ပညာရှာရမည့်အရွယ်တွင် ပညာကို ဆုံးခန်းတိုင်အောင် လေ့ကျင့်သင်ကြား သင်ယူရန်လိုကြောင်း၊ မိဘများအနေဖြင့်လည်း မိမိ၏ရင်သွေး သားသမီးများကို ပညာရေးဆုံးခန်း တိုင်အောင် သင်ကြားလေ့ကျင့်ရန် ပြုစုပျိုးထောင်ပေးရာ မိဘတိုင်း၏ တာဝန်ဖြစ်ကြောင်း၊ ယနေ့ကျင်းပ သည့် စာဖတ်ဝိုင်းတွင် ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများ၏ နှုတ်မှုစွမ်းရည်သာမက စာဖတ်စွမ်းရည်များကို ယခင်ထက် ပိုမိုထက်မြက်အောင်လေ့ကျင့်ပြီး ဘက်စုံပညာထူးချွန်သော ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံလူမျိုးအတွက် အားကိုးအားထားပြုရသော မျိုးဆက်သစ် ခေါင်းဆောင်များ ဖြစ်ပေါ်စေရေး ပြုစုပျိုးထောင်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များအတွက် စာအုပ် စာပေများပေးအပ်လှူဒါန်းရာ ပြည်နယ်ပညာရေးမှူးက လက်ခံရယူသည်။
ထို့နောက် ဒုတိယဝန်ကြီးက လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးကဏ္ဍအရေးပါမှု၊ ဘက်စုံထူးချွန်သော လူငယ်များဖြစ်ရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် စာပေလေ့လာ ဖတ်ရှုရန် အလွန်အရေးကြီးမှု၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ စသည်တို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက အခြေခံပညာကျောင်းများအတွက် အားကစားပစ္စည်းများကို ပေးအပ်ချီးမြှင့်ရာ မြို့နယ်ပညာ ရေးမှူးက လက်ခံရယူသည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမ ဒေါ်နုမြသန္တာနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်ခိုင်စောဝင်းသန္တာတို့က ဆောင်ရွက်ကြပြီး အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက “အမျိုးသားစာပေ ယဉ်ကျေးမှုအမွေ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့သော ကျောင်းသူလေးများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
တင်ထွန်း(ပြန်/ဆက်)