ဗဟန်း သြဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် စာဖတ်ဝိုင်းနှင့် သတင်းမီဒီယာသင်တန်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှ စာရေးဆရာ ဆရာမင်းဆက်ပိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ ဆရာမတင့်တယ်ခင်၊ အမိမြေသစ္စာသတင်းစုံဂျာနယ် အယ်ဒီတာချုပ် ဆရာဦးသူရဇော်၊ အမိမြေသစ္စာသတင်းစုံဂျာနယ် သတင်းထောက်ချုပ် ဦးဝင်းမြင့်ဦးနှင့် စာရေးဆရာ၊ ဆရာမများ၊ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှ စာရေးဆရာ ဆရာမင်းဆက်ပိုင်နှင့် ဆရာမတင့်တယ်ခင်တို့က မုဒိတာစကားပြောကြားခဲ့ပြီး အမိမြေသစ္စာသတင်းစုံဂျာနယ် အယ်ဒီတာချုပ် ဆရာဦးသူရဇော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အမိမြေသစ္စာသတင်းစုံဂျာနယ် သတင်းထောက်ချုပ် ဦးဝင်းမြင့်ဦးနှင့် အမိမြေသစ္စာသတင်းစုံဂျာနယ် ရန်ကုန်တိုင်းတာဝန်ခံ ဦးမောင်ထွန်းတို့က အမှာစကားများ ဆက်လက်ပြောကြားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် စာရေးဆရာမနန်းဝေ(ပျူပုတီး)၏ “တာဝန်၏ဖိအားကို အင်အားဖြစ်အောင်ပြန်လည်အသုံးပြုသွားသည့်အာဇာနည်ခေါင်းဆောင်တစ်ဦး” သုတဆောင်းပါးစာမူအား ဆရာကျော်မောင်မောင်(မြင်းဝင်း)က ဖတ်ကြားတက်ရောက်လာကြသော စာရေးဆရာ၊ ဆရာမများ၊ သတင်းသမားများ၊ စာပေချစ်မြတ်နိုးသူများက သုံးသပ်ဆွေးနွေးကြသည်။ ဆက်လက်၍ စာမူရှင် ဆရာမနန်းဝေ(ပျူပုတီး)အား အမိမြေသစ္စာသတင်းစုံဂျာနယ် အယ်ဒီတာချုပ် ဆရာဦးသူရဇော်မှ စာဖတ်ဝိုင်းဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အမိမြေသစ္စာသတင်းစုံဂျာနယ် အယ်ဒီတာချုပ် ဆရာဦးသူရဇော်က သတင်းမီဒီယာအကြောင်း သိကောင်းစရာများကို သင်တန်းပို့ချခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)နှင့် အမိမြေသစ္စာ သတင်းစုံဂျာနယ်တို့ပူးပေါင်းကာ လစဉ် တစ်လတစ်ကြိမ် ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)