ပင်လုံ ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ယမန်နေ့ည ၇ နာရီ ၃၀ မိနစ် အချိန်က ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန်လာသူ ပင်လုံမြို့မှ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦး၊ စစ်ကိုင်းမြို့မှနေရပ်သို့ ပြန်လာသူ ကျောင်းသူများမှာ ဆဟောင်း ကျေးရွာအုပ်စု၊ နောင်ပိန်းကျေးရွာတွင် နေထိုင်သူ အမျိုးသမီး(၄)ဦး၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့သို့ အလုပ်ကိစ္စဖြင့် ရောက်ရှိ လာသည့် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူကျား(၂)ဦး စုစုပေါင်း(၉)ဦး တို့အား ပင်လုံတက္ကသိုလ် (ကျူရုံး)ဘော်ဒါဆောင် ကန့်သတ်စောင့်ကြည့်ရေးစခန်း၌ စနစ်တကျစီစဉ် ထားရှိပေးကြောင်း သိရသည်။
အဆိုပါ ကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ပင်လုံမြို့အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် တာဝန်ရှိသူများက သတ်မှတ် စောင့်ကြည့်ရေး စခန်း၌ (၁၄)ရက်ပြည့်မီအောင် နေထိုင်သွားရန်၊ ကျန်းမာရေးဌာနကလည်း ကျန်းမာရေးစစ်ဆေးခြင်း၊ တို့ဖတ်(swab) နမူနာ ယူခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည်များကို တင်ပြသွားရန်နှင့် ကန့်သတ်စောင့်ကြည့်ရေးစခန်း၌ နေထိုင်စဉ်ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာသွားရန် မှာကြားခဲ့ကြောင်း သိရသည်။
နန်းမြင့်မြင့်ဆွေ