ပေါင်မြို့နယ်(အ.လ.က)သဲဖြူကုန်းကျောင်း၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းပြုလုပ်

ပေါင် ဩဂုတ် ၂၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ပေါင်မြို့နယ်(အ.လ.က)သဲဖြူကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ လူငယ်စကားဝိုင်းတွင်‌‌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး(အ.လ.က)သဲဖြူကုန်းကျောင်းမှ Grade-9 ကျောင်းသူ မမိုးထက်သံစဉ်က လူငယ်နှင့် ခေတ်ရေစီးကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -8 ကျောင်းသား ​မောင်ကောင်းမြတ်သူက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 8 ကျောင်းသူ မသုန္ဒြေဦးက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 7 ကျောင်းသား မောင်မျိုးမြတ်သူက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 6 ကျောင်းသူ မဖြူစင်နိုင်က လူငယ်နှင့်ပလတ်စတစ်အန္တရာယ်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြန်လည်ဖြေကြားပေးခဲ့ပြီး (အ.လ.က) သဲဖြူကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ​ဒေါ်ရီဆွေက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယနေ့ကျင်းပသော လူငယ်စကားဝိုင်သို့ (အ.လ.က) သဲဖြူကုန်းကျောင်းမှ ဆရာ/ဆရာမများအပါအဝင် ကျောင်းသား/ ကျောင်းသူ (၁၂၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)