ဒဂုံအရှေ့ ဩဂုတ် ၂၀
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒဂုံတက္ကသိုလ်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာဟောပြောပွဲ၊ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ဘာသာရပ်ပေါင်းစုံ တိုက်ကွမ်ဒို၊ Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁ဝ) နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ခင်ဆွေအေးက လူငယ်နှင့်အားကစားဆိုင်ရာအသိပညာများ ဟောပြောခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းကော်မတီဥက္ကဋ္ဌ ဒေါ်မြသန္တာဦးက လူငယ်ရေးရာအသိပညာပေး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ တိုက်ကွမ်ဒို၊ Fitness Dance သင်တန်းသား၊ သင်တန်းသူများက သရုပ်ပြသခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးက အားကစားပစ္စည်းများကို ပေးအပ်ရာ ပါမောက္ခချုပ်မှ လက်ခံရယူခဲ့သည်။
ထို့နောက် သင်တန်းနည်းပြများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ