၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ဒဂုံတောင် ဩဂုတ် ၂၀

၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ မြို့နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က ကလေးများ၏ အနာဂတ်တွင် ကျန်းမာဖွံ့ဖြိုးစေရန်အတွက် အခြေခံကျပြီးအရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို “ကလေးများ အနာဂတ်လှပဖို့၊ မိခင်နို့ချိုတိုက်ကျွေးလို့၊ ရင်းနှီးမြှုပ်နှံကြပါစို” ဆောင်ပုဒ်နှင့်အညီ မိခင်နို့တိုက်ကျွေးခြင်းမှ အစပြုပြီး အသက်အရွယ်အလိုက် အာဟာရစောင့်ရှောက်ခြင်း လုပ်ငန်းများ ပိုမိုခိုင်မာအောင် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် စသည်ဖြင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်လင်းက မိခင်နှင့်ကလေးငယ်များအား အသက်အရွယ်အလိုက် အာဟာရဖြည့်စွက်စာများ စားသုံးစေ‌ရေး၊ မွေးစမှအသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပေးရန်လိုအပ်ကြောင်းနှင့် ငါးနှစ်အောက်ကလေးသေဆုံးမှု၏ ထက်၀က်ကျော်သည် အာဟာရချို့တဲ့မှုနှင့် ဆက်နွယ်ပါကြောင်း၊ သန္ဓသားဘ၀မှသည် အသက်နှစ်နှစ်မပြည့်မီကာလအတွင်း အာဟာရစောင့်ရှောက်ခြင်းသည် ဘ၀တစ်လျှောက်လုံးအတွက် အရေးအကြီးဆုံးလုပ်ဆောင်ချက်ဖြစ်ပါကြောင်း စသဖြင့် မျိုးဆက်သစ်များ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ထက်မြက်စေရန် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်လာကြသော ကိုယ်ဝန်‌ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက အာဟာရဖြည့်စွက်စာများအား ထောက်ပံ့ပေးအပ်ရာ မိခင်များက လက်ခံရယူကြကြောင်း သိရသည်။

သန်းသန်းအေး