မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားနှင့် ကျောက်တန်းစက်မှုနယ်မြေရှိ NIPPON CONCRETE (Myanmar) Co.Ltd စက်ရုံသို့ သွားရောက်ကြည့်ရှု

မော်လမြိုင် ဩဂုတ် ၂၀

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်‌တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို အခြေခံစားကုန်ထောက်ပံ့ခြင်းနှင့် သက်သာသောဈေးနှုန်းဖြင့် စားသောက်ကုန်များ ရောင်းချပေးခြင်းဖြစ်ကာ မွန်ပြည်နယ်အတွင်း လက်ရှိအငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၂၉၃၃၁) ဦးရှိပြီး ဇူလိုင်လအတွင်း စုစုပေါင်းပင်စင်စားဦးရေ (၂၂၈၆၀) ဦးကို ပင်စင်လစာများ ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူပြီးနောက် ကျန်းမာရေးနှင့်ပတ်သက်၍ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုဖြင့် အသက်ရှည်စွာနေထိုင်ရန်အတွက် လစဉ်ပြည်သူ့ဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခမဲ့ဆေးဝါးများ ထောက်ပံ့ခြင်း၊ အခြေခံစားကုန်များ ထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှ မော်လမြိုင်မြို့၌ ပင်စင်ထုတ်ယူနေသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၃၀၀) ဦးအား အခြေခံစားကုန်များဖြစ်သော ဆန်(၁)ပြည်၊ ကြက်ဥ(၁၀)လုံး၊ တန်ဖိုးငွေအားဖြင့် ငွေကျပ်သိန်း(၃၀)နီးပါး ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီးကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှလည်း ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ပေးသွားမည်ဖြစ်ကာ စားအုန်းဆီများကိုလည်း သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသွားမှာဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့မှုပေးရာတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ အခမ်းအနားသို့ တက်ရောက်လာကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်‌တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ သမားတော်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးကုသပေးနေမှုများနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများ ရောင်းချပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက် ကျောက်တန်းစက်မှုနယ်မြေရှိ NIPPON CONCRETE( Myanmar) Co.Ltd စက်ရုံသို့ ရောက်ရှိပြီး ဦးစွာ ရှင်းလင်းဆောင်တွင် စက်ရုံတာဝန်ခံက ကွန်ကရစ်တိုင် ၈မီတာမှ ၂၄မီတာအထိ တစ်ချောင်းချင်း၊ နှစ်‌ချောင်းဆက်ဓာတ်တိုင်များ ထုတ်လုပ်မှုနှင့် စက်ရုံလည်ပတ်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ရုံအား ခေတ်မီစက်ကိရိယာများ တပ်ဆင်အသုံးပြုပြီး စံချိန်စံညွန်းမီအရည်အသွေးရှိသော ကွန်ကရစ်ဓာတ်တိုင်များ ထုတ်လုပ်နိုင်မှု၊ ထုတ်ကုန်များကို ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လမ်းတံတားများ ဆောက်လုပ်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အဓိကအသုံးပြုနေရသည့်အတွက် စက်ရုံ၏အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်း၊ စက်ရုံအနေဖြင့် လိုအပ်ချက်များရှိပါက တင်ပြကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့မှလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ကုန်ထုတ်လုပ်မှုစွမ်းရည် ပိုမိုမြှင့်တင်နိုင်ရေးနှင့် ဒေသတွင်းဈေးကွက်များသို့ ချဲ့ထွင်နိုင်ရေးကြိုးစားဆောက်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်ရုံအတွင်း ကွန်ကရစ်တိုင်ထုတ်လုပ်နေမှုအ‌ခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံက လုပ်ငန်းလည်ပတ်နေမှုအဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)