မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ စကားရည်လုပြိုင်ပွဲ ဆက်လက်ကျင်းပ

မိတ္ထီလာ သြဂုတ် ၂ဝ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် စကားရည်လုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြိုင်ပွဲဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစကားရည်လုပြိုင်ပွဲသို့ မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ မလှိုင်မြို့နယ်မှ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း ပြိုင်ပွဲဝင်ကျောင်းသူ၊ ကျောင်းသား ၂၇ ဦးက  ဆိုရှယ်မီဒီယာ အသုံးပြုတာကောင်း၊ ဆိုရှယ်မီဒီယာအသုံးပြုတာ မကောင်းဘူး ခေါင်းစဉ်ဖြင့် အဆိုနှင့်အခြေ မဲနှိုက်၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသူကျောင်းသားများ၏ ပါဝင်ယှဉ်ပြိုင်မှုအခြေအနေများကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က  အကြံပြုသုံးသပ်စကား ပြောကြားခဲ့သည်။ 

အဆိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲပထမနေ့တွင် ပြိုင်ပွဲဝင် ၂၄ ဦး၊ ဒုတိယနေ့တွင် ပြိုင်ပွဲဝင် ၂၇ ဦး စုစုပေါင်းပြိုင်ပွဲဝင်ကျောင်းသူ၊ ကျောင်းသား ၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ချမ်းသာ