တောင်ကြီး သြဂုတ် ၂၀
၂၀၂၅ ခုနှစ် တိုင်းဒေသကြီး၊ ပြည်နယ်ဖူဆယ် (အမျိုးသား)ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်ဖူဆယ်(အမျိုးသား)အသင်းများမှ မိတ်ဆက်ကြပြီး အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲကို ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည့် တောင်ကြီးမြို့၌ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ခွင့် ရရှိသည့်အတွက် များစွာဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ယခုလို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခွင့်ရရှိသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကစားသမားများ၏ မတူကွဲပြားသည့် ကစားပုံ၊ ကစားဟန်များကို လေ့လာဖလှယ်နိုင်မှာဖြစ်ပါကြောင်း၊ ဒေသအသီးသီးမှပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ရှမ်းပြည်နယ်၏ ယဥ်ကျေးမှုဓလေ့ထုံးစံများနှင့် ဒေသန္တရ ဗဟုသုတများ လေ့လာခွင့်ရရှိစေသည့်အပြင် မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုပြိုင်ပွဲကို လာရောက်ယှဥ်ပြိုင်ကြသည့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားသမားများ၏ နေထိုင်စားသောက်ရေး၊ သွားလာရေး၊ လုံခြုံရေးစသည်တို့ကို အိမ်ရှင်အနေဖြင့် အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လိုအပ်ချက်များရှိပါက ကဏ္ဍအလိုက် ကော်မတီအသီးသီးမှ ကော်မတီဝင်များ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဆက်သွယ်ပြီး ကော်မတီများမှတစ်ဆင့် အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း ပြိုင်ပွဲကာလသာမက ပြိုင်ပွဲပြီးဆုံးသည်အထိ စိတ်ချမ်းသာပျော်ရွှင်စွာ ပြိုင်ပွဲဝင်နိုင်ရေးကို အဘက်ဘက်က စောင့်ရှောက်ပေးသွားမှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စားစရိတ်ထောက်ပံ့ငွေများပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူပြီး လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှပြိုင်ပွဲဝင် ဖူဆယ်(အမျိုးသား) အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ်ဖူဆယ်(အမျိုးသား) ပြိုင်ပွဲဝင်အသင်း (၁၅) သင်းသည် ၂၀၂၅ ခုနှစ် သြဂုတ်လ (၂၀) ရက်မှ (၂၇)ရက်အထိ ယှဥ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)