လသာမြို့နယ် မှန်ကင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

လသာ ဩဂုတ် ၂၀

ကျောက်တံတားခရိုင် လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းအချိန်က မှန်ကင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေးပညာပေးလှုံ့ဆော်မှုများကို ဆောင်ရွက်ခဲ့ပြီး ကျောင်းသားများအား သန့်လေးသန့်၊ ရန်သူ၊ အစာစားပါ ကဗျာ (၃) ပုဒ်ကို သင်ကြားပေးကာ သံပြိုင်ရွတ်ဖတ်စေခြင်း၊ ကျောင်းကျန်းမာရေး မှတ်တမ်းကတ်ဖြည့်စွက်ပေးခြင်းနှင့် ပဏာမမျက်စိကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ထို့အပြင် ကျောင်းသားများအား သံချဆေးတိုက်ကျွေးခြင်း၊ နေ့လယ်စာစားပြီးနောက် သွားတိုက်ခြင်းဆိုင်ရာလှုံ့ဆော်မှု (After Lunch Tooth Brushing Activity) ကို ဆောင်ရွက်နိုင်ရန် သွားတိုက်နည်းကို သရုပ်ပြသင်ကြားပေးကာ ကျောင်းသားများအတွက် သန့်ရှင်းမှုတိုးတက်စေရန် ရည်ရွယ်သည်ဟု သိရသည်။

ထို့နောက် ကျောင်းအုပ်ဆရာကြီးထံသို့ သွားတိုက်ဆေးများ၊ သွားတိုက်တံများနှင့် Zinc အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ယနေ့ကျင်းပသည့် ကျန်းမာရေးပညာပေးလှုံ့ဆော်မှုများသည် ကျောင်းသားများ၏ ကျန်းမာရေးဗဟုသုတတိုးတက်စေရန်နှင့် ကာကွယ်ရေးဆိုင်ရာ အကျိုးကျေးဇူးရရှိစေရန် အထောက်အကူဖြစ်စေမည်ဟု သိရသည်။

နေလင်း (ပြန်/ဆက်)