မင်္ဂလာဒုံ ဩဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်တွင် ခရိုင်ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီ၏ လမ်းညွှန်မှုအရ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းသူရိယလှသောင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက အသိပညာပေးဟောပြော သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် ဦးနေဆန်းက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ ဒုတိယဗိုလ်မှူးကြီး ရဲမြင့်အောင်ကိုယ်စား ဆရာဦးနိုင်လင်းက မုဒိတာအမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ခွဲ(၃)မှ ဒုတပ်ခွဲမှူး ဒေါ်သီတာလွင်နှင့်သူနာပြုတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကားလမ်းမဘေးအချက်ပြနှင့် အမှတ်အသားဆိုင်းဘုတ်များ ကိုင်ဆောင်၍ အသိပညာပေးဟောပြောသရုပ်ပြခဲ့ကြသည်။
ယင်းနောက် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းသီဟက အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ရာ ဆရာဦးနိုင်လင်းက လက်ခံယူခဲ့ပြီး ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအေးသွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ(၄၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း