ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်းနှင့် မြေပဲသီးနှံများ နှုတ်သိမ်းလျက်ရှိပြီး အထွက်နှုန်းကောင်းမွန်ကြောင်း သိရ

ကျောက်ပန်းတောင်း ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးဆီဖူလုံရေးအတွက် အဓိကသီးနှံဖြစ်သည့် နှမ်း သီးနှံ နှင့် မြေပဲသီးနှံများ နှုတ်သိမ်းလျက်ရှိပြီး၊ ရာသီဉတု မှန်ကန်ကောင်းမွန်သဖြင့် သီးနှံများ အထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးသီးနှံများအဖြစ် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံနှင့် မိုးနှောင်း(ဝါ) သီးနှံများကို အဓိကထား စိုက်ပျိုးထားရှိကြောင်း သိရပြီး၊ ပြည်တွင်းစားသုံးဆီဖူလုံရေး အထောက်အကူပြုသည့် မိုးနှမ်းနှင့် မိုးမြေပဲသီးနှံများ စိုက်ပျိုးမှုတွင်၊ မိုးနှမ်းကို ၁၂၁၁၅၁ ဧက စိုက်ပျိုးရန် လျာထားခဲ့သည့်အနက် အမှန် တကယ် စိုက်ပျိုးခဲ့သည်မှာ ၁၃၄၆၁၇ ဧက စိုက်ပျိုးနိုင်ခဲ့ရာ၊ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် မိုးမြေပဲကို ၆၃၈၀၉ ဧက စိုက်ပျိုးရန် လျာထားခဲ့သည့်အနက်၊ ၃၁၉၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပြီး၊ မိုးရွာသွန်းမှု မှန်ကန်သဖြင့် သီးနှံများ အထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။ စိုက်ပျိုးသီးနှံ ထွက်ရှိမှုနှင့် ဈေးရရှိမှု အခြေအနေများမှာ “ဒီနှစ်ကတော့ နှမ်းရော. မြေပဲရော အထွက်နှုန်းက တော်တော်ကောင်းပါတယ်… မိုးများလို့ တစ်ချို့ စမ်းမြေဆန်တဲ့ နေရာတွေလောက်ပဲ ပျက်လို့ ပြန်ကြဲရတာရှိမယ်…ကျန်တာကတော့ စိုက်ချိန်စောတာနဲ့ နောက်ကျတဲ့အပေါ် မူတည်ပြီး တော်တော်များများ ရကြပါတယ်…ယာကျယ်ရင် ကျယ်သလောက် တစ်ချို့ မြေပဲကို တင်း၃၀၀ကျော် ၄၀၀ ကျော်ရကြတာပေါ့။

ဒါပေမဲ့ ဈေးကွက်ကတော့ မနှစ်ကဈေးကို မမီဘူးဗျ…ဒီနှစ်ဈေးအရ နည်းတယ်… မျိုးဈေး၊ မြေဆီဈေးနဲ့ လုပ်သားခတွေကသာ ပိုတက်သွားတာ သီးနှံဈေးက ဒီနှစ်ကျတယ်…မနှစ်က ဈေးလောက်ရရင်ကို  အဆင်ပြေတယ် ပြောရမှာပေါ့ဗျာ…” ဟု တွင်းဖြူကျေးရွာမှ မြေပဲ/ နှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။

နေအောင်(ပြန်/ဆက်)