သန်လျင်မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်

ရန်ကုန် သြဂုတ် ၂၀

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများစာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟု သုတတိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ကွမ်းခြံကုန်း အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများဆောင်ရွက်ခဲ့ကြသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ရွှေရည်ဝင်းကျော်က ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိရေးအတွက် စာပေဖတ်ရှုလေ့လာသောအလေ့အကျင့်ကောင်းများရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိနိုင်သော အသိပညာဗဟုသုတများ၊ ရည်ရွယ် ချက်/ရည်မှန်းချက်ထားရှိရန်၊ နယ်လှည့်အသိပညာပေးလုပ်ငန်းများလာရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြည်သူ့စာကြည့်တိုက်တွင်စာအုပ်/စာပေများ (အခမဲ့) လာရောက်ငှားရမ်းဖတ်ရှုခြင်းဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန် စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြပြီး ဂိမ်းကစားပြိုင်ပွဲများအားပျော်ရွင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ ကွမ်းခြံကုန်း အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

ဖြိုးသီဟ(သန်လျင်)