လှည်းကူး သြဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ကုသရေးဦးစီးဌာနမှသွားဘက်ဆိုင်ရာဆရာဝန်၊ မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ THN တို့ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်ဦးခင်ဇော်၊ မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာတင်နိုင်နှင့် ကျောင်းကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးမှူးဒေါ်ကြည်ကြည်လွင်နှင့် အဖွဲ့သည်ကျောင်းသား/သူများအား သွားနှင့်ခံတွင်းစစ်ဆေးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း၊ မျက်စိစမ်းသပ်ခြင်း၊ စနစ်တကျသွားတိုက်နည်းကို သရုပ်ပြလေ့ကျင့်သင်ကြားပေးခြင်း၊ သန့်လေးသန့်၊ စနစ်တကျလက်ဆေးနည်း၊ အာဟာရအုပ်စုအကြောင်း၊ သွားနှင့်ခံတွင်း၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးအကြောင်းတို့ကို ကျန်းမာ ရေးအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူ(၂၄၅)ဦးအား သွားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ (၇၉)ဦးအား Dressing ပြုလုပ်ပေးခြင်း၊ (၄၀)ဦးအား သွားနှုတ်ပေးခဲ့ကြောင်းသိရှိရသည်။
အေးအေးနွဲ့(လှည်းကူး)