ဒဂုံတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ကာယဗလမောင်၊ ကာယအလှမယ်ပြိုင်ပွဲ ကျင်းပ

ဒဂုံ(အရှေ့) ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် ဘာသာရပ်ပေါင်းစုံကာယဗလမောင်၊ ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမတွင်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက ‘’ပညာ့ရိပ်မြုံ ဒဂုံတက္ကသိုလ်” သီချင်းဖြင့်ဖျော်ဖြေခဲ့ကြပြီး ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘာသာရပ်ပေါင်းစုံ ကာယဗလမောင်၊ ကာယအလှမယ်ပြိုင်ပွဲကျင်းပရေးအတွက်ကူညီပံ့ပိုးပေးကြသောအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒဂုံတက္ကသိုလ်ကာယဗလမောင်၊ ကာယအလှမယ်ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ‌ဒေါက်တာဖြူစုအောင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းအကြောင်းနှင့်ပြိုင်ပွဲများအလိုက် စည်းကမ်းချက်များကိုရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံကျော်တေးသံရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ဖျော်‌ဖြေခဲ့သည်။

အဆိုပါပြိုင်ပွဲအား ကာယအလှမယ်(၂၂)ဦး၊ ကာယဗလ‌မောင်(၉)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူတို့အား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်း၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အေးမဉ္ဇူ(ပြန်/ဆက်)