ကျောက်ဆည် ဩဂုတ်၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ယနေ့နံနက် (၉) နာရီက ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးအေးလင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာကြည့်တိုက်အမျိုးအစားများအကြောင်း၊ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မှတ်သားမှုစနစ်၊ ထားသိုမှုစနစ်၊ စာငှားလုပ်ငန်း၊ စာကြည့်တိုက်ပုံမှန်စစ်ဆေးခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းမြှင့်တင်ရေး ဆောက်ရွက်သွားရမည့်လုပ်ငန်းစဉ်များ၊ စာကြည့်တိုက်အောင်မြင်ရေး ပြုပြင်ဆောင်ရွက်ရန် အချက်များအကြောင်းနှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာကြည့်တိုက်များ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ စာကြည့်တိုက်အဓိပ္ပာယ်၊ စာကြည့်တိုက်ပညာနှင့် ထူးခြားသည့်ဝိသေသနများ အကြောင်း သင်ကြားပေးခဲ့ကြောင်း သိရသည်။
သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းစာကြည့်တိုက်တာဝန်ခံဆရာ/ ဆရာမ (၂၂) ဦး တက်ရောက်ခဲ့ပြီး အခြေခံစာကြည့်တိုက်ပညာများအား စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)