ရန်ကုန် ဩဂုတ် ၂၀
အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းတို့ပူးပေါင်းကျင်းပသော မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် အသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်ခရိုင်၊ သန်လျင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသောင်းဒန်က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)ဒုတိယဥက္ကဋ္ဌ ဦးသိန်းကြည်(ရဲမှူးကြီး-ငြိမ်း)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)တွဲဘက်အတွင်းရေးမှူး အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူး(ငြိမ်း) ဦးစိန်မြင့်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုတို့က အသီသီးဟောပြောဆွေးနွေးကြသည်။
ဆက်လက်၍ အမှတ်(၄၁)မူးယစ်တပ်ဖွဲ့စု၊ ရန်ကုန်(အရှေ့ပိုင်း)မှရဲအုပ်နေလင်းထွန်းက လူငယ်နှင့်မူးယစ်ဆေးဆိုးကျိုးအန္တရာယ်အ ကြောင်းကို Projector ဖြင့်ရှင်းလင်းဟောပြောသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးဒေါ်ဖြူဖြူသောင်းကကျေးဇူးတင်စကား ပြန် လည်ပြောကြားသည်။
ယနေ့အခမ်းအနားသို့ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမြင့်ဌေး၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)နှင့် ရန်ကုန်တိုင်းတို့မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူ(၃၅၀)ဦးတို့တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနံရံကပ်စာစောင်၊ စာအုပ်ပြပွဲများခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်း သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)