ဒေါပုံ ဩဂုတ် ၂၀
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်ပွားခြင်းမှကာကွယ်နိုင်ရန်အတွက်၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး(Oravacs)တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်ကာ အခြေခံပညာ ကျောင်းများတွင် စတင်တိုက်ကျွေးခဲ့ကြောင်းသိရသည်။
ထိုသို့တိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူးဒေါက်တာမျိုးမျိုးခိုင်နှင့် ကျန်းမာရေး၀န်ထမ်းများက အ.မ.က (၃) နှင့် အ.မ.က(၈)ကျောင်းများရှိ KG တန်း ကျောင်းသား၊ ကျောင်းသူများအား ၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး(Oravacs)ကို စနစ်တကျတိုက်ကျွေးခဲ့ကြပါသည်။ အဆိုပါကာကွယ်ဆေးတိုက်ကျွေးရာသို့ ဒေါပုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးထူးထက်နှင့်တာ၀န်ရှိသူများကလာရောက်ခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ပူး ပေါင်းပါ၀င်ဆောင်ရွက်ပေးခဲ့ကြပါသည်။ ဒေါပုံမြို့နယ်တွင် ၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေးတိုက်ကျွေးမည့် KG တန်းကလေးငယ်(၇၄၁)ဦးရှိရာ ရက်သတ္တပတ်တစ်ပတ်အတွင်း အခြေခံပညာကျောင်းများသို့ကွင်းဆင်းကာ ကာကွယ်ဆေးလွှမ်းခြုံနိုင်ရေးတိုက်ကျွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)