မဟာအောင်မြေမြို့နယ် အ.မ.က(၂၉) ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ ဩဂုတ် ၂၀

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၉) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ်၊ အမှတ် (၂၉) အခြခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းလှက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်များအနေဖြင့် စာအုပ်စာစောင်များကို အမြဲလေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေကို အမြဲလေ့လာဖတ်ရှုနေမှသာ အမှား/ အမှန် ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း၊ ‌ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုလည်း ရှာဖွေ၍ လေ့လာမှတ်သားစေလိုကြောင်း အကျယ်တဝင့် ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းနု‌အေးက လူငယ်များအတွက် ပညာ၏တန်ဖိုးနှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး နံရံကပ် စာစောင်များ၊ မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

‎‎အောင်ဇော်မင်း