ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ အခြေခံကွန်ပျူတာသင်တန်း၊ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုသင်တန်းအမှတ်စဥ် (၂/၂၀၂၅) သင်တန်းများဖွင့်လှစ်

တောင်ကြီး သြဂုတ် ၂၀

ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် အခြေခံကွန်ပျူတာ သင်တန်းအမှတ်စဥ် (၂/၂၀၂၅)၊ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဥ်(၂/၂၀၂၅)နှင့် လူသုံးကုန် ပစ္စည်းများထုတ်လုပ်မှု သင်တန်းအမှတ်စဥ် (၂/၂၀၂၅) သင်တန်းများဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ် အစိုးရအဖွဲ့ဘဏ္ဍာ ရန်ပုံငွေဖြင့် သက်မွေးပညာသင်တန်းများကို ယခင်(၁၄)ကြိမ်ဖွင့်လှစ်၍ သင်တန်းသား၊ သင်တန်းသူ (၂၈၀) ဦးကို သက်မွေးပညာများသင်ကြားပေးနိုင်ခဲ့ပြီး ယခုသင်တန်း(၃)ခု ပါဝင်မည်ဆိုပါက စုစုပေါင်းသင်တန်း(၁၇)ကြိမ်ရှိပြီဖြစ်၍ သင်တန်းသား၊ သင်တန်းသူပေါင်း(၃၄၀)ဦးကို သက်မွေးပညာသင်ကြားပေးနိုင်မည်ဖြစ်ပါကြောင်း၊ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းနည်းပြဆရာ၊ ဆရာမများက သင်ကြားပေးသည့် နည်းစနစ်များကို သေချာလေ့လာမှတ်သား၍ မိမိတို့ကိုယ်တိုင်လုပ်ငန်းလုပ်ကိုင်နိုင်အောင် ကြိုးစားသင်ယူကြ ရန်ပြောကြားလိုကြောင်း၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု သင်တန်းသားများအနေဖြင့် မိမိတို့နေ့စဥ် စားဖိုဆောင်နှင့်တစ်ကိုယ်ရေသန့်ရှင်းရေးတွင် မရှိမဖြစ် အသုံးပြုသောဆပ်ပြာဆီမျိုးစုံ၊ ဆပ်ပြာခဲမျိုးစုံ၊ ခေါင်းလျော်ရည်မျိုးစုံစသည့် နေ့စဥ်သုံးစွဲရသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာများကို လေ့လာသင်ကြားကြရမည်ဖြစ်ပြီး သင်တန်းပြီးစီးပါက မိမိတို့မိသားစုနှင့် မိမိတို့ပတ်ဝန်းကျင်အတွက် အကျိုးပြုသည့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်အောင်ကြိုးစားကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီး သင်တန်းခန်းမနှင့် စားဖိုဆောင်တို့ကို လှည့်လည်ကြည့်ရှု၍ သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများကို အားပေးစကားပြောကြားပြီး ငလျင်ဒဏ်ကြောင့် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အဆောက်အဦအက်ကွဲခဲ့သည့်နေရာနှင့် သင်တန်းအိပ်ဆောင်အခန်းများ ထိခိုက်မှုအချို့တို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အေးသာယာရထားသံလမ်းနှင့် ကားလမ်းအား ကြည့်ရှုစစ်ဆေးပြီး တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာသို့သွားသည့် လမ်းဘေးဝဲယာတွင်မြက်များ၊ အမှိုက်များကို သန့်ရှင်းရေးဆောင်ရွက်ပေးရန်နှင့် ရပ်ကွက်သန့်ရှင်းရေးအတွက် အပတ်စဥ်စနေနေ့တိုင်း ရပ်ကွက်နေပြည်သူများမှ မိမိအိမ်ရှေ့သန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အေးသာယာထုံးဖိုစျေးအား သွားရောက် ကြည့်ရှုစစ်ဆေးရာဆိုင်ခန်းများရှေ့တွင် သပ်သပ်ရပ်ရပ်ဖြစ်စေရေးအတွက် ကွန်ကရစ်ခင်းခြင်းဆောင်ရွက်ပေးရန်၊ မြို့ပေါ်သန့်ရှင်းသာယာလှပရေးအတွက် ချုံနွယ်မြက်များ ရှင်းလင်းဆောင်ရွက်ပေးရန်နှင့် လမ်းဘေးပျံကျစျေးသည်များ စနစ်တကျရှိစေရေးတို့ကို ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းတာ ဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားရိုးရာ ယဥ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အစိုးရ အဖွဲ့ကပေးအပ်သည့် ရန်ပုံငွေများကို သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်း၊ အဖွဲ့များမှတာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့် မိမိတို့၏ ရိုးရာယဥ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် အကျိုးရှိရှိအသုံးပြုသွားကြရန် မှာကြားလိုကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှု ဓလေ့ထုံးတမ်းအစဥ်အလာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မျိုးဆက်သစ်တိုင်းရင်းသားလူငယ်များအားမိမိတို့ ရိုးရာယဥ်ကျေးမှုကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်အောင် လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားလိုပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းသာယာသည့် အနာဂါတ်နိုင်ငံတော်ကြီးပေါ်ထွန်းလာရေးအတွက် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်းစည်းလုံးညီညွတ်မှု၊ အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းပါဝင်ကြပြီး ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ယင်းကြားစာပေနှင့်ယဥ်ကျေးမှုအသင်း၊ ပအိုဝ်းစာပေနှင့် ယဥ်ကျေးမှုအဖွဲ့(ဗဟို)၊ ထနော့စာပေနှင့်ယဥ်ကျေးမှုအသင်း၊ မြောင်ဇီးအမျိုးသား တိုးတက်ရေးနှင့်ယဥ်ကျေးမှုအဖွဲ့၊ တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုအသင်း၊ ကချင်တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအသင်း၊ ယင်းနက်စာပေနှင့်ယဥ်ကျေးမှုအသင်း၊ ကိုးကန့်စာပေနှင့်ယဥ်ကျေးမှုအသင်း၊ လွယ်လုံပညာဗောဓိပရဟိတကျောင်း၊ အင်းသားစာပေယဥ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း၊ လီဆူစာပေနှင့်ယဥ်ကျေးမှုအသင်း၊ ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်တို့အား ရန်ပုံငွေများပေးအပ်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအသင်း၊ အဖွဲ့များကိုယ်စားထနော့ စာပေနှင့်ယဥ်ကျေးမှုအသင်းမှ တိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည်အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသား စာပေယဥ်ကျေးမှုအသင်း၊ အဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြကြောင်း သိရှိရသည်။

အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားရိုးရာယဥ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများအတွက် ယနေ့ပေးအပ်သည့် ရန်ပုံငွေစုစုပေါင်းမှာ ကျပ်သိန်း (၉၉,၈၃၅,၀၀၀ိ/-) (ကျပ်ကိုးရာကိုးဆယ့်ရှစ်သိန်းသုံးသောင်း ငါးထောင်တိတိ) ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)