မိတ္ထီလာ ဩဂုတ် ၂ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ သုတေသနပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါတက္ကသိုလ် ဝန်ဇင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဦးစွာ ဘာသာရပ်ပေါင်းစုံ သုတေသနပြပွဲနှင့် ပြိုင်ပွဲအား မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာ နေလင်းနှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာနေအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။
ဆက်လက်၍မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ရုက္ခဗေဒ၊ သမိုင်း၊ အရှေ့တိုင်းပညာ၊ ဘူမိဗေဒ၊ ဒဿနိကဗေဒစသည့်ဘာသာရပ် ၁၄ ခုမှ ပြသပြိုင်ပွဲဝင်ထားသည့် သုတေသနပြခန်းများကို ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါ ဘာသာရပ်ပေါင်းစုံ သုတေသနပွဲနှင့် ပြိုင်ပွဲအားမိတ္ထီလာဒေသရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံMSME လုပ်ငန်းရှင်များနှင့် မိတ္ထီလာတက္ကသိုလ်မှ ဘာသာရပ်အလိုက် သုတေသနတွေ့ရှိချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်စေရန် စသည် ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်သည်။
မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ဘာသာရပ်ပေါင်းစုံသုတေသနပြပွဲနှင့် ပြိုင်ပွဲတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ